Saturday, June 6, 2009

နယ်ခြားစောင့်၊ မစောင့် စစ်အစိုးရနှင့် ဆွေးနွေးမည့် ကေအိုင်အို

လူမျိုးစု လက်နက်ကိုင် တပ်ဖွဲ့များတွင် အင်အားကြီးမားသော ကချင် လွတ်မြောက်ရေး တပ်မတော် မှ အမျိုးသမီး စစ်သမီးတပ်ဖွဲ့

မြန်မာစစ်အစိုးရ မှ ထုတ်ပြန် ကြေညာထားသော ၂၀၁၀ ရွေးကောက်ပွဲ ပြီးမြောက်ပါက စစ်အစိုးရ နှင့် စေ့စပ် ငြိမ်းချမ်းရေး ရယူထားသော လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များအား နယ်ခြားစောင့်တပ်ဖွဲ့များ အသွင်ပြောင်းကာ စစ်အစိုးရ တပ်ရင်း၊ တပ်ဖွဲ့များ လက်အောက်သို့ ရောက်ရှိ သွားရမည် ဖြစ်သည်ကို ကချင် လွတ်မြောက်ရေး အဖွဲ့မှ ဦးဆောင်ကော်မတီ ၇ဦး ဦးဆောင်ကာ စစ်အစိုးရနှင့် အကျေအလည် တွေ့ဆုံ ဆွေးနွေးမည် ဖြစ်ကြောင်း ကေအိုင်အို သတင်းရပ်ကွက်မှ ထုတ်ပြန် ကြေညာလိုက်သည်။

အထက်ပါ ကိုယ်စားလှယ် အဖွဲ့တွင် ကေအိုင်အို ဒု-ဥက္ကဋ္ဌ ဗိုလ်ချုပ် ဂေါ်ရီ ဇော်ဆိုင်း၊ ကေအိုင်အို ဗဟိုကော်မတီဝင် ဒေါက်တာ လဂျာ၊ ကေအိုင်အေ ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်၊ ဒု-ဗိုလ်မှူးကြီး လဖိုင် လအောင်၊ ဒု-ဗိုလ်မှူးကြီး လဇိန် ဂျီနော်၊ ဗိုလ်မှူး ဂေါ်လူ လအောင် နှင့် ခွန်ထက် ထိန်နန် တို့ ပါဝင်သည်ဟု သိရှိရသည်။ ယင်း ၇ဦးပါ အဖွဲ့အား ယခင်အပါတ်က လိုင်ဇာတွင် ပြုလုပ်သော ကေအိုင်အိုနှင့် ကချင်ပြည်သူများ တွေ့ဆုံ ဆွေးနွေးမှု အပြီး ထွက်ပေါ်ရလဒ် ဖြစ်သည်။

အမေရိကန်နိုင်ငံ အခြေစိုက် ကချင်ရေးရာ သုံးသပ်သူတဦး ကမူ “ ဒါဟာ ကေအိုင်အို အတွက်တော့ ကောင်းတဲ့ လက္ခဏာတော့ မဖြစ်နိုင်ဖူးလို့ ပြောဆိုလိုက်ပြီး၊ တိုင်းရင်းသား လက်နက်ကိုင်တွေ အတွက် အသေအခြာ စဉ်းစားရမဲ့ ရှုထောင့်တခု ဖြစ်နေတာရယ် ဘယ်ရလဒ်မဆို ဒီအဖြစ်ဟာ ချိန်သားကိုက် သတ်ကွင်းထဲကို ဖြတ်ခိုင်းတာနဲ့ တူပါတယ်ဟု သူ၏ အမြင်ကို ဖြေဆိုကာ၊ ဒီအချိန်ဟာ လူမျိုးစု လက်နက်ကိုင်များ အနေနဲ့ မြန်မာစစ်အစိုးရနဲ့ တေ့တေ့ဆိုင်ဆိုင် အပေးအယူလုပ်ရမဲ့ နိုင်ငံရေး ကစားကွက်တခု ယတိပြတ် ရွေ့ရမဲ့ အချိန်ပါဟု ပြောဆို သုံးသပ်လိုက်သည်။

ထပ်လောင်း၍ ကေအိုင်အို ဦးဆောင်ကော်မတီမှ ဦးဆောင်ကာ ကေအိုင်အို နယ်ခြားစောင့်တပ်ဖွဲ့ အဖြစ် အသွင်ပြောင်းမည့် အရေးအား ကချင် မျိုးနွယ်စုများစွာ ရှိရာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် အတွင်းရှိ ကချင်ပြည်သူများထံ နည်းနာ အကြံဥာဏ်များ ရယူသင့်ကြောင်း၊ ယင်း အရေးအတွက် ရာနှင့်ချီသော နိုင်ငံရပ်ခြားရောက် ကချင် အဝန်းအဝိုင်းမှ တုန့်ပြန်စာများလဲ ရရှိထားပြီ ဖြစ်သည်ဟု ကချင်ပို့(စ်) ဝဘ်ဆိုဒ်တွင် ဖေါ်ပြထားပြီး၊ အများစုမှာ နယ်ခြားစောင့် တပ်ဖွဲ့အဖြစ်အား လက်ခံနိုင်ဖွယ် မရှိဟု တွေးထင် ယူဆထားကြသည်။

အပစ်အခတ် ရပ်စဲ၍ ငြိမ်းချမ်းရေး ရယူထားသော လူမျိုးစု လက်နက်ကိုင်အဖွဲ့များ စစ်အစိုးရ လက်အောက်ရှိ နယ်ခြားစောင့် တပ်ဖွဲ့များ အသွင် သဏ္ဍာန်ပြောင်းလည်း ရမည်ဟူသော အမိန့်အား ၂၀၀၉ခုနှစ် မေလ တွင် ထို သတင်း ထွက်ပေါ်လာပြီး၊ စစ်အစိုးရ ဖက်မှလည်း ယခု နှစ်ကုန်ပိုင်းတွင် စတင် အကောင်အထည် ဖေါ်ပြီး ဖြစ်ကြောင်း သိရှိရသည်။

ဂျာတောင်နော်
လူထုအသံ အွန်လိုင်းဂျာနယ် အတွက် ရေးသားခဲ့သော ၀၆-၀၆-၀၉ သတင်း

0 comments:


Blogspot Templates by Isnaini Dot Com and Wedding Bands. Powered by Blogger